Showing posts with label ဖတ်စရာလေး. Show all posts
Showing posts with label ဖတ်စရာလေး. Show all posts

Sunday, October 17, 2010

ဘုတ်ငှက်တို့၏ ပျံခြင်း၊ မပြန်ခြင်းကိစ္စ


လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို မဂ္ဂဇင်းတစ်စောင် လက်ဆောင်လာပေးပါတယ်။ ပန်းချီဆရာ ဆလိုင်းမိုးယဉ်သဲရာရဲ့ ပုံကို မျက်နှာဖုံးအဖြစ် သုံးထားတာတွေ့ရတော့ ပိုပြီး စိတ်ဝင်စားမိပါတယ်။ နောက်တစ်ဆင့် ကြည့်လိုက်တော့ ချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ဗဟို) နှစ်ပတ်လည်မဂ္ဂဇင်းလို့ ရေးထားတယ်။ ၀မ်းသာအားရနှင့် အဲဒီမဂ္ဂဇင်းကို ကျွန်တော် သေချာ ဖတ်လိုက်ပါတယ်။ ချင်းလူကြီး၊ လူငယ်အစုံက ကလောင်ကိုင်ပြီး ချင်းလူမျိုးအရေး ရေးထားတဲ့စာတွေ ဖတ်ရတာ ရင်ထဲ ကြည်နူးရပါတယ်။


ယခု … ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-ရန်ကုန်) ခေါ် ခ.စ.ယမှ ချင်းမဂ္ဂဇင်းထုတ်ဖို့ ကျွန်တော့်ကို စာမူလာတောင်းပါတယ်။ ချင်းမဂ္ဂဇင်းဆိုတာနှင့် ကျွန်တော် မျက်လုံးပြူးရပါတယ်။ ကျွန်တော် မယုံနိုင်ပါ။ ကျွန်တော်သိရှိ၊ လေ့လာမိသမျှ၊ ချင်းမဂ္ဂဇင်းဟာ အရှိန်အ၀ါကြီးခဲ့တယ်။ ရှစ်အုပ်ပဲထုတ်ဝေခဲ့တယ်။ နောက်ဆုံးထုတ်ဝေတာ အခုဆိုရင် နှစ်နှစ်ဆယ်ကျော်ခဲ့ပြီ။ အဲသလောက်ကြီးကျယ်ခဲ့တဲ့ မဂ္ဂဇင်းမျိုး ကျွန်တော့်ညီငယ်တွေ ထုတ်ဝေနိုင်ပါ့မလား။ မေးခွန်းပေါင်းများစွာ ကျွန်တော့်ရင်ထဲ ရောက်လာပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကြုံတွေ့ခဲ့ဖူးတဲ့ ချင်းကျောင်းသားအများစုဟာ စာပေကို စိတ်မ၀င်စားကြ။ သီချင်းဆိုဖို့ ပွဲလုပ်ဖို့ ပျော်ရွှင်ဖို့ပဲ သူတို့စိတ်ဝင်စားကြတယ်။ ချင်းစာပေ၊ ချင်းယဉ်ကျေးမှု သူတို့ စိတ်မ၀င်စားကြ။

စာရေးသူ ကျွန်တော် အဝေးသင် တက္ကသိုလ်တက်ခဲ့တုန်းက၊ ခ.စ.ယ မှာ ထဲထဲဝင်ဝင် သိပ်မရှိလှတာကို သူငယ်ချင်း တစ်ချို့ ဝေဖန်ကြတယ်။ ချင်းအမျိုးသားနေ့ အစီအစဉ်တွေကို ခ.စ.ယ မှ လုပ်ခဲ့လည်း မတက်ရောက်ခဲ့ပါ။ မင်းက ခ.စ.ယ လုပ်ငန်းတွေမှာ ရှောင်ဖယ်ရှောင်ဖယ်နဲ့ လို့ သူငယ်ချင်းတွေက အပြစ်တင်ကြတယ်။

ကျွန်တော် သူတို့ကို စသလို၊ နောက်သလိုနှင့် ပြောလိုက်တယ်။ “မင်းတို့ဟာက … ချင်းစာပေနှင့် ယဉ်ကျေးမှုနဲ့မှ မတူတော့တာ။ မင်းတို့ လှုပ်ရှားမှုက ချင်းစတိတ်ရှိုးယဉ်ကျေးမှု ဖြစ်သွားပြီ၊”

အဲသလို ပြောကြဆိုကြရင်း၊ ကျွန်တော်ကတော့ လမ်းဘေးစာအုပ် ပုံကနေ ရရှိခဲ့တဲ့ ချင်းမဂ္ဂဇင်းဟောင်းတွေကို လွမ်းလျက်၊ ကျွန်တော်ငယ်ငယ်တုန်းက ဖတ်ခဲ့ဘူးတဲ့ ကျိမ်နွဲမဂ္ဂဇင်းမျိုးကို လွမ်းရင်း။

အသစ်ထွက်ရှိလာတော့မယ့် ချင်းမဂ္ဂဇင်းမှာပေးဖို့ စာလေး တစ်ပုဒ် သီကုံးကြည့်တယ်။

ဘာရယ်၊ ညာရယ်တော့မဟုတ်။ ရင်ထဲက အလွမ်းလေးတွေပါ။ ရင်ထဲက ခံစားချက်လေးပါ။ ဃနညအမေူ ဃူဃဃ နှစ်ပတ်လည် မဂ္ဂဇင်းထဲက သူငယ်ချင်းရေးဖော်ရေးဖက် ကဗျာဆရာ မြကဗျာရဲ့ “ဘုတ်ငှက်များအကြောင်း” ကဗျာကို ပြန်လည်ခံစားခြင်းပါ။

“ဘုတ်ငှက်ပျံသည်ကို လိုက်လျှင် ပြည်မရောက်သည်” ဆိုတဲ့ စကားပုံကို ယူပြီး ကဗျာဆရာ မြကဗျာက ကဗျာဖွဲ့လိုက်တယ်။

သူ့ကဗျာ ပထမပိုဒ်မှာ

တောင်ပေါ်မှာ

ပျံတတ်တဲ့ ဘုတ်ငှက်တွေများတယ်။

တချို့ဘုတ်ငှက်တွေ

အစားအစာ အတွက်ပျံသန်းတယ်

တချို့ဘုတ်ငှက်တွေ

စကားအထာအတွက် ပျံသန်းတယ်

ပြည်မရောက်တယ် …။

သူအဲသလို ဖွဲ့ဆိုထားပါတယ်။ ဘုတ်ငှက်တွေဟာ တောင်ပေါ်မှာ ပျံသန်းကြပေမယ့် တချို့ကျတော့ မြေပြန့်ကို ပျံသန်းတဲ့အကြောင်း ကဗျာဆရာက ညွှန်းဆိုခဲ့တယ်။ ဘုတ်ငှက်တွေ ပျံသန်းတဲ့ တောင်ဆိုတာ အမိချင်းတောင်တန်းတွေကို ကဗျာဆရာက ဆိုလိုခြင်းဖြစ်တယ်။

ဆက်ပြီး ကဗျာကို ကျွန်တော်ဖတ်ကြည့်တယ်။ ဘုတ်ငှက်တွေရဲ့ ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ပျံသန်းခြင်းကို ကဗျာဆရာက အသေးစိတ် ရေးထားတာ တွေ့ရတယ်။ အမြင့်ကို ပျံတဲ့ ဘုတ်ငှက်တွေ ရှိသလို ခပ်နိမ့်နိမ့်မှာ ပျံသန်းတဲ့ ဘုတ်ငှက်တွေလည်း များသတဲ့။ တည့်တည့်ပျံတဲ့ငှက်တွေ ရှိသလို၊ ဇောက်ထိုးပျံတဲ့ ငှက်လည်းရှိတယ်။ အားလုံးရဲ့ ပျံသန်းမှုမှာ ပြည်မကို ဦးတည် ပျံသန်းတယ်လို့ ကဗျာဆရာက ဆိုပါတယ်။

အဲသလို မြေပြန့်ကို ပျံသန်းခဲ့တဲ့ ဘုတ်ငှက်တွေအကြောင်းကို ကဗျာဆရာက ဆက်ပြီး ဒီလိုရေးဖွဲ့ခဲ့တယ်။

အဲဒီဘုတ်ငှက်တွေပေါ့

တခါ တခါ

မီးပုံနံဘေး

ခေါင်ရည်တေးနှင့်

ချိုအေးကြည်မြ … ခွါဒိုညကို သတိရသတဲ့။

ဒီအပိုဒ်မှာ … မြေပြန့်မှာ ပျံသန်းတဲ့ ဘုတ်ငှက်တွေရဲ့ ခံစားချက်ကို ကဗျာဆရာက ဖွဲ့ဆိုခဲ့တယ်။ ဘုတ်ငှက်တွေဟာ ပြည်မမှာ ပျံသန်းနေကြပေမယ့် တောင်ပေါ်ကို သတိရဟန် တွေ့ရတယ်။

ဒါပေမယ့် … အဲသလို တောင်ပေါ်ဒေသကို လွမ်းဆွတ်သတိရပေမယ့် … ဘယ်ဘုတ်ငှက် (အများစု) မှ တောင်ပေါ်ကို ပြန်ပြီး ပျံသန်းမသွားတဲ့အကြောင်းကို ကဗျာဆရာက ဒီလိုရေးလိုက်တယ်။

ဒါပေမယ့်

(တချို့ကလွဲရင်) ဘယ် ဘုတ်ငှက်မှ

တောင်ပေါ်ပြန်မရောက်ဘူး။

နောက်ဆုံးမှာ ကဗျာဆရာက သူ့ကဗျာကို သူပဲ အဆုံးသတ်လိုက်တယ်။

ဟုတ်တယ်

ပြည်မမှာ

မပြန်တတ်တဲ့ ဘုတ်ငှက်တွေ

များတယ် …။

အဲဒီ ကဗျာရယ်၊ ဘုတ်ငှက်တွေအကြောင်း စဉ်းစားမိတာနဲ့ ကျွန်တော်ငယ်ငယ်တုန်းကနေခဲ့တဲ့ တောင်ပေါ်မြို့ တီးတိန် (ွှနိငာ) ကို သတိရလွမ်းမိတယ်။ အဲဒီမြို့မှာ အဖေဆောက်ခဲ့တဲ့ မြို့စွန်ရပ်ကွက်လေးထဲက ထင်းရှူးနဲ့ဆောက်တဲ့ အိမ်လေးကို ကျွန်တော်မေ့မရပါ။ ရောင်စုံတိုက်တန်းတွေ ကင်းတဲ့ ရပ်ကွက်ကလေး မြို့ပြရဲ့ ဆူညံမှုနဲ့ ကင်းဝေးခဲ့တယ်။ ရိုးသားတဲ့ အိမ်နီးချင်းတွေနဲ့ တည်ဆောက်ထားတဲ့ ပတ်ဝန်းကျင်လေးပါ။ အဲဒီ အိမ်ဘေးနားမှာ သစ်ပင်တွေ အုံအုံဆိုင်းဆိုင်းနဲ့ ကျေးငှက်တွေလည်း ပျော်မွေ့နေကြတယ်။ မလှမ်းမကမ်းမှာ သင်္ချိုင်းကုန်းနဲ့ နီးသွားပြီ။

အဲဒီသင်္ချိုင်းကုန်းမှာ သစ်ပင်ချုံနွယ်တွေ ပေါက်လို့ ငှက်ကလေးတွေက ခိုနားကြတယ်။ ကျွန်တော့်နားထဲ အချိုဆုံးအသံက ဘုတ်ငှက်အသံလေးပါ။ ဘုတ်ငှက် မြည်သံကြားရင် ဘုတ်ငှက်ကို ဖမ်းချင်စိတ် ကျွန်တော့်မှာ ရှိလာတယ်။ ကျွန်တော်နဲ့ သူငယ်ချင်း ဘုတ်ငှက်ကို လိုက်ဖမ်းကြတယ်။ ဘုတ်ငှက်တွေတွေ့တိုင်း ဘုတ်ငှက်တွေ တောင်ပေါ်မှာ အေးအေးချမ်းချမ်းမနေရအောင် ကျွန်တော်နှောင့်ယှက်ခဲ့ဖူးတယ်။ မောင်းထုတ်ခဲ့ဖူးတယ်။ ဘုတ်ငှက်ကြီး ကျွန်တော့်လက်က ကြောက်လန့်တကြားရုန်းထွက်ပြီ အဝေးကို ပျံသန်းသွားခဲ့တာကို ကျွန်တော်အခုထိ မှတ်မိနေသေးတယ်။ မြင်ယောင်သေးတယ်။

ကျွန်တော်နေဖူးတဲ့ တောင်ပေါ်မြို့မှာ ဘုတ်ငှက်တွေနေဖို့ နေရာရှိပါဦးမလား။ သဘာဝတောတောင်တွေကို မပြုစုတတ်တဲ့ လူတွေကြားမှာ ဘုတ်ငှက်တွေ လုံခြုံမှု ရှိပါ့မလား။ တကယ်တော့ … ဘုတ်ငှက်တွေဟာ ချင်းတောင်တန်းတွေပေါ်မှာ ပျော်ရွှင်စွာ ပျံသန်းသင့်ပါတယ်။ သူတို့ ပျံသန်းခြင်းဟာ ချင်းတောင်တန်းကို အသက်ဝင်စေတယ်၊ ပိုမိုလှပစေတယ်။ ကျွန်တော်တို့ရဲ့ လုပ်ရပ်ဆိုးတွေကြောင့် ဘုတ်ငှက်တွေ ချင်းတောင်တန်းတွေ အပေါ်မှာ မပျံသန်းချင်ကြတာလား။

ချစ်တဲ့မြကဗျာ … ဘုတ်ငှက်တို့ ပျံသန်းခြင်းဟာ စိတ်ပျက်စရာမဟုတ်။ သူတို့လွတ်လပ်စွာ ပျံသန်းပါစေ။

ချင်းတောင်တန်းတွေပေါ်မှာ သူတို့အဖို့ ပျော်စရာကောင်းတဲ့ ရာသီတစ်ဖန် ရောက်လာပါ လိမ့်မယ်။ အဲဒီအချိန်ကျရင် ဘုတ်ငှက်တွေကို နှောင့်ယှက်မဲ့ ဘေးအန္တရာယ်တွေ မရှိတော့ပါဘူး။

ဘုတ်ငှက်တွေရဲ့ အိမ်ပြန်ချိန်ကို ကျွန်တော်တို့ အတူစောင့်ရအောင်မြကဗျာ။



တီအီးပေါင်

http://tepau.info/ မှ

Wednesday, September 22, 2010

ချင်းတောင်တန်းက အသည်းပုံ ရိရေကန် အကြောင်းတစ်စေ့တစ်စောင်း

ချင်းတောင်ပေါ်မှ အသည်းပုံသဏ္ဍန် နတ်ရေကန်


မြန်မာနိုင်ငံက စေတီပုထိုးများ ၊ သယံဇာတများနှင့် အံ့မခန်း အောင်လှပ လွန်းသည့် သဘာဝ သယံဇာတ များကြောင့် လူသိများ ထင်ရှားသည့် နိုင်ငံတစ်ခု ဖြစ်သည်။ သို့ရာတွင် ထိုမျှ သဘာဝ အလှများ နှင့် ရှုခင်းများကို လူသိ များသည့်တိုင် လူသူ အရောက်အပေါက် နည်းပါး မှုကြောင့် လူသိ နည်းနေ သေးသော သဘာဝ အလှများစွာ ကျန်ရှိနေပေသေးသည်။ ထိုအထဲ တွင် အမြင့်ပေ (၁၉၆၆)ပေရှိသော ချင်းတောင်တန်း ကြီးများပေါ်မှ အသည်းပုံ တိတိကျကျ ပေါ်လွင်နေသော ရေကန်ကြီး တစ်ခု သည်လည်း အပါအ၀င်ပင် ဖြစ်ပေသည်။ ထိုရေကန် ကြီးသည်ကား ချင်းလူမျိုး တို့အတွက် ဒဏ္ဍာရီ ဆန်သော ရာဇ၀င်များ၊ ယုံကြည် စွဲလမ်းမှုများ၊ အမြတ်တနိုး တန်ဖိုးထားမှုများဖြင့် ပြည့်နှက် နေသော ရိဒ်ရေကန်ကြီး (Reh-Lake) ပင်ဖြစ်ပေသည်။

 တည်နေရာ

ရိဒ် ရေကန်ကြီး၏ တည်နေရာမှာ မြန်မာနိုင်ငံ၏ အနောက် မြောက်ဖက် ဒေသ ၊ ချင်းပြည်နယ်၏ အနောက်မြောက်ဖက် အစွန်းတွင် တည်ရှိသည်။ အထူးသဖြင့် အိန္ဒိယ - မြန်မာ နယ်စပ် နှင့်ပို၍ နီးသည်။ နယ်စပ် မျဉ်းနှင် ၂ မိုင်သာဝေးသည်။ အိန္ဒိယ နိုင်ငံဘက် ကြံဖိုင်းမြို့ နှင့် မိုင် (၂၀) ဝေးပြီး မီဇိုရမ် ပြည်နယ်ရှိ မြို့တော် အိုက်ဇောနှင့်လည်း မိုင်(၁၃၀) သာဝေးသည်။ သို့အတွက် ရိဒ်ရေကန်ကြီးသို့ လာရောက် လည်ပတ် သူများမှာလည်း အိန္ဒိယနိုင်ငံ ဘက်မှသာ များသည်။ မြန်မာ နိုင်ငံဘက်မှ သွားရောက် သူတွေများ အနေဖြင့်တော့ ချင်းတောင်၏ တံခါးဝဟု ဆိုစမှတ်ပြုသည့် ကလေးမြို့မှ တစ်ဆင့်သာ ခရီးဆက်ကြရသည်။ စစ်ကိုင်းတိုင်း ကလေးမြို့မှ မိုင် (၄၀)ဝေးသည်။ ကလေးမြို့မှ မိုင် (၆၀) နီးပါးဝေးသော ချင်းပြည်နယ် တီးတိန်မြို့ကို ဖြတ်ကာ တီးတိန်မှ (၃၂) မိုင်ဆက် သွားကြရသည်။ သို့ရာတွင် အိန္ဒိယ နိုင်ငံဘက်မှ လာသည် ဖြစ်စေ ၊ မြန်မာနိုင်ငံဘက်မှ သွားသည်ဖြစ်စေ၊ သေချာသည် တစ်ခုကတော့ အမြင့်ပေ လေး၊ ငါးခြောက်ထောင် ကျော်ရှိသော တောင်တန်းများပေါ်မှ ကျော်ဖြတ်၍ သွားကြရခြင်း ပင်ဖြစ်သည်။ ထိုသို့ အမြင့်ပေ လေး ၊ငါး ခြောက်ထောင် တောင်တန်းကြီးများကို ဖြတ်သန်း သွားရသဖြင့် မြန်မာနိုင်ငံဘက်မှ အပန်းဖြေ လေ့လာသူတွေ ရှိသလို နိုင်ငံခြားသား အချို့လည်း လာရောက် လေ့ရှိပါသည်။ သို့ရာတွင် အများဆုံး အလာများသည် ကတော့ အိန္ဒိယနိုင်ငံဘက်မှ ဖြစ်သည်။ ၄င်းတို့အနေဖြင့် ထိုသို့ အလားများရသည်ကတော့ "၄င်းတို့၏ ဆွေမျိုး သားချင်းများ၏ ၀ိညာဉ်များသည်လည်း ရိဒ်ရေကန်ကြီးတွင် လာရောက်မှီခိုနေထိုင်ကြသည်" ဟူသော အယူအဆ တစ်ရပ် အရ အထွတ်အမြတ်ထားရာ နေရာအဖြစ်လာရောက် ကြခြင်းဖြစ်သည်။ သို့ရာတွင် ယခုအခါတွင်တော့ ရိဒ်ရေကန်ကြီးအတွင်း အပျော်စီးလှေများ စီးနင်းနိုင်အောင် စီစဉ် ပေးထားခြင်းနှင့် ညအိပ် တန်းခိုနိုင် ရန်ပင် ဘန်ဂလိုများ စီစဉ်ပေးထား ခြင်းတို့ကြောင့် ရိဒ်ရေကန်ကြီးမှာ အပျော်စီး လှေလာရောက် စီးနင်းသည့် တောင်ပေါ် သားများနှင့် ပျားရည်ဆန်း ခရီးထွက်သူများ ဖြင့်ပါ စည်ကားနေ လေ့ရှိပေသည်။

Reh lake

 ပုံသဏ္ဍာန်နှင့် အနေအထား

ထိုမျှ ဒဏ္ဍာရီဆန်သော အတိတ်သမိုင်းများ ၊ ဆန်းပြားသော ယုံကြည်ချက် များနှင့် ထူးခြားချက်များနှင့် ပြည့်နှက်နေသော ရိဒ်ရေကန်ကြီးမှာ ပတ်လည် အကျယ် ၂.၅ မိုင်ရှိသော တောင်ပေါ် ရေကန်ကြီးတစ်ခု ဖြစ်သည်။ ထိုပတ်လည် အနား တစ်လျှောက် တွင်လည်း မိုးမခပင်များက ခြံစည်းရိုး ရှည်ကြီးသဖွယ် သဘာဝ အလျောက် စီတန်းကာ ပေါက်ရောက် နေပြန်ရာ အဆိုပါ မိုးမခ ပင်တန်းကြီးကို ချင်းလူမျိုးတို့က ( ၄င်းတို့၏ ယုံကြည် ချက်အရ ၀ိညာဉ် ခြံစည်း ရိုးဟု ကင်ပွန်း တတ်ထားကြ လေသည်။) ကန်အတွင်း ရေပြင်၏ ပျှမ်းမျှ အနက်မှာပေ (၅၀) ရှိပြီးအနက်ဆုံး နေရာများ တွင်မူ ပေ (၆၀) အထိ ရှိသည်။ ရေအရောင်မှာ ပြာလဲ့လဲ့ရှိပြီး ကန်အတွင်းတွင် ကြာဖြူ ၊ ကြာနီ နှင့် ဗေဒါများ ဖူးပွင့်နေလေ့ရှိသည်။ အလားတူပင် ရေကန်ပတ်လည်ရှိ မိုးမခပင်များ ထက်တွင် လည်း သစ်ခွပင်များ ပေါက် ရောက်နေပြန်ရာ ရိဒ်ရေကန်ကြီးမှာ တောင်ပေါ်ဒေသမှ စာပန်းချီခြယ်သ မကုန်နိုင်သည့် ရှုခင်းကြီး တစ်ခု သဖွယ် ဖြစ်နေ ပါတော့သည်။

ဒဏ္ဍာရီဆန်သော ဖြစ်တည်မှုသမိုင်း

ရိဒ်ရေကန်ကြီး၏ ဖြစ်တည်မှု သမိုင်းကား အလွန်ပင် ဒဏ္ဍာရီဆန်လှသည်။ သို့ရာတွင် ထိုသို့ ဒဏ္ဍာရီ ဆန်လွန်းလှသည့်တိုင် အဆိုပါ ဖြစ်တည်မှု သမိုင်းကို တော့ ချင်းလူမျိုးတို့က ယနေ့တိုင် အခိုင်အမာ ယုံကြည်နေ ကြဆဲဖြစ်သည်။ အဆိုပါ ဖြစ်တည်မှု ဒဏ္ဍာရီကြီး၏ အစကား လွန်ခဲ့သော နှစ်ပေါင်း ငါးရာကျော် ၊ ခြောက်ရာ နီးပါး ကာလ၊ မီဇို ချင်းလူမျိုးတို့၏ အခြေချ နေထိုင် ခဲ့သည့် အချိန်မှ ပင်ဖြစ်ပေသည်။ ချင်းအနွယ်ဝင် မီဇိုလူမျိုးနှင့် ဟွာလ်ငိုး (Huanlngo) နွယ်ဝင် တို့သည် ၁၄၅၀ ခုနှစ်ခန့် မှစတင်၍ ချင်းတောင်တန်း ပေါ်တွင် မြို့ပြ တည်ထောင်ကာ အခြေချ နေထိုင် ခဲ့ကြသည်။ ဤ သို့နေထိုင် လာခဲ့ရာမှ တစ်နေ့သော အခါတွင်မူ ဒုတိယမြောက် ဆွေးပွီးမြို့သူကြီး ဟွာထန် (Huathana) သည် အိပ်မက်တစ်ခုအား မြင်မက်လေတော့သည်။ ယင်း အိပ်မက်တွင် မုတ်ဆိတ်မွေး ဖားဖားနှင့် အလွန်တရာမှပင် ကျက် သရေ ရှိလှသော နတ်မင်းကြီး တစ်ပါးက ဟွာလ်ထန်အား ကိုယ်ရောင်ပြပြီး " ငါသည် ၀ိညာဉ်စောင့်နတ်မင်းကြီး ပူးရိဒ် ဖြစ်ပေသည်။ သင်တို့၏ ၀ိညာဉ်များ အားစောင့်ရှောက်ရန်အလို့ငှာ ငါသည် နွားနောက်ဖြူ အသွင်ဖန်ဆင်းကာ ကောင်းကင် ခရီး ဖြင့်လာခဲ့ရာ သင်တို့၏ သင်တို့အရပ်၏ အနောက် မြောက်ဖက်ခရီး အတန်ငယ်ဝေးသော နေရာတွင် နေရာတစ်ခုကို တွေ့ရှိခဲ့ပေသည်။ ငါသည် ထိုနေရာ၌ စံစားနေထိုင်ရန် အလို့ငှာ ထိုနေရာအား လူတို့၏ အသည်းနှလုံးပုံ တိတိကျကျ ရှိသော ရေအိုင်ကြီးတစ်ခု အဖြစ်ဖန်ဆင်းလိုက်ပေသည်။ ထိုရေအိုင်ကြီး တွင်ယနေ့မှ စ၍ ငါကိုယ်တော်စံစားမည် ဖြစ်သလို .. သေသောသူအားလုံးတို့၏ ၀ိညာဉ်များသည်လည်း မဖြစ်မနေ ငါထံသို့ လာကြရပေမည် " ပြောဆိုမိန့်ကြားသွားခဲ့လေသည်။ ထိုအိပ်မက်အရ ဟွာလ်ထန်သည် သူ၏ မူးမတ်များအား လွှတ်၍ ရေအိုင်ကြီးကို ရှာဖွေစေခဲ့ရာ ခုနှစ်ရက်တိတိ ပြည့်မြောက်သော နေ့မှာပင် ထိုရေအိုင်ကြီးအား တွေ့ရှိခဲ့ပြီး ယင်းသို့တွေ့ရှိချိန်မှ အစပြု၍ ထိုရေကန်ကြီးအား ရိဒ်ရေကန် (RHI-DIL) ဟုခေါ်ဆို ကြလေသည်။ ရိဒ်ဆိုသည်မှာ ရိဒ်နတ်မင်းကြီးအား ကိုယ်စားပြုပြီး (DIL) မှာရေကန်ဟု အဓိပ္ပါယ် ရလေသည်။ ဆိုလိုရင်းမှာ ရိဒ်နတ်မင်းစံစားရာ ရေအိုင်ပင်ဖြစ်လေသည်။

ချင်းလူမျိုးတို့၏ ယုံကြည်မှု

ရိဒ်ရေကန်ကြီးနှင့် ပတ်သက်ပြီး မီးဇိုချင်းများက လူတစ်ယောက် သေဆုံးသွားသည့် အခါတွင် ထိုသေဆုံးသူ၏ ၀ိညာဉ်သည် ဘ၀တစ်ပါးသို့ ကူးပြောင်း နိုင်ရန် နောက်ဆံတင်းစွာဖြင့် ရိဒ်ရေကန် သို့လာကြရပြီး ရေကန်သို့ ရောက်သောအခါမှ လုံးလိုသွေး (Longlotui) ခေါ် အတိတ်ဘ၀ မေ့စေနိုင်သည့် စမ်းရေကြည်ကို သောက်ကာ ဟိုလ်လိုပါးရ် (Hoilopar) ခေါ် နောက်မလှည့်ပန်း ကို ပန်ဆင်ကြရသည်။ ထိုအခါ တွင်မှသေသူ၏ ၀ိညာဉ်များမှာ အတိတ်ဘ၀အား တမ်းတစိတ် များပျောက်ကွယ်ကာ ဘ၀သစ်သို့ ကူးပြောင်း သွားနိုင်ရန် အတွက် ရေကန်ကြီး အတွင်းသို့ စိတ်ဖြောင့် လက်ဖြောင့် ဆင်းသွားနိုင်ကြသည်ဟု ယုံကြည်ထားကြည် ထားကြသည်။ အဆိုပါယုံကြည်မှု အရလည်း ချင်းလူမျိုး တို့မှာ ပွင့်လင်းရာသီရောက်တိုင်း ရိဒ်ရေကန်ကြီးသို့ လာရောက် လည်ပတ်ကာ ရက်လည် ၊ နှစ်လည်ပွဲကဲ့သို့သော နာရေးပွဲများကို ကျင်းပလေ့ရှိသည်။ ယင်းပွဲများတွင် ဘုန်းတော်ကြီးများက ရေကန်တွင်းမှကို လက်ခုပ်နှင့် ခပ်ကာ သရဇ္ဇယ် ကြလေ့ရှိပြီး ကန်အတွင်းသို့ ငွေအကြွေစများ နှင့်အမွှေးနံ့သာများ ပက်ကြဲကာ ရေကန်အနီးရှိ အရိပ်ကောင်းသော ညောင်ပင်ကြီးအောက်တွင် တရားပေးလေ့ရှိကြသည်ဟု ဆိုသည်။

ထူးခြားချက်များ

ကမ္ဘာအ၀ှမ်းတွင် ရှိရှိသမျှသော ရေကန်များအနက် အသည်းပုံစစ်စစ် ရှိသည့် တစ်ခုတည်းသော ရေကန်ဖြစ်သည်။ အမြင့်ပေ (၁၉၀၀) ကျော်သော တောင်တန်းပေါ်တွင် တည်ရှိသည့် ရေကန်လည်းဖြစ်သည်။ ထိုအချက်များထက် ပို၍ထူးခြားသည်မှာ ချင်းပြည်နယ်၏ မြို့တော် ဖြစ်သော ဟားခါးတွင် အပူချိန် (ရေခဲမှတ်အောက်) အနှုတ် (၃) ဒီဂရီရောက်နေချိန်၌ ရိဒ်ရေကန်ကြီးအတွင်း ထူးခြားစွာ အနွေးဓါတ်ရရှိနေခြင်းပင် ဖြစ်ပေသည်။ ထိုမှ တဖြန် အထူးခြားဆုံးဟု ဆိုရမည့်အချက်ကား ရိဒ်ရေကန်ကြီးအတွင်းသို့ ချောင်းရေ ၊ မြောင်းရေ လည်း စီးမ၀င် ၊ မိုးလည်းမရွာသည့် ဒီဇင်ဘာလကုန်ပိုင်း နှင့် ဇန်န၀ါရီ လဆန်းကဲ့သို့ ဆောင်းနှင်းထန်သည့် ကာလများတွင် ကန်ရေ ပြင်မှာ အလိုအလျောက် နောက်ကျိနေတတ်ခြင်းပင်ဖြစ်သည်။

ရေးသားသူ = ချမ်းညိမ်း
http://wikimyanmar.co.cc/wiki/index.php?title မှ  သန်းပေါင်းများစွာ ရှိသောဆိုဒ်တွေ ထဲက ကျွန်တော်တွေ့သမျှ ဖတ်မိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်။

Sunday, September 19, 2010

ချင်းတို့ရိုးရာ အစားအစာ..ဆာဗူးသီး

  ကျွန်တော်သည် များသောအားဖြင့် ခေတ် ဟောင်းဒေသသမိုင်းများကိုသာ ဖော်ထုတ်ရေးသား လေ့ရှိသည်။ သို့သော်လည်း လူမှုရေး သမိုင်းတွင်ပါဝင် သော လူမျိုးတစ်မျိုး၏ နေမှုစားမှုပုံစံများကိုလည်း စိတ် ၀င်စားခဲ့သည်။ ထို့ကြောင့် ချင်းပြည်နယ်တွင် ထင်ရှား ပြီး
အများပြည်သူမသိသေးသော ချင်းရိုးရာဆာဗူးသီး အစားအစာကို ဖော်ထုတ်ရေးသားရန် ဆန္ဒရှိသော ကြောင့် ချင်းတို့၏ ရိုးရာ
အစားအစာ ဆာဗူးသီးအကြောင်း ကို ရေးသားတင်ပြပါသည်။ မြန်မာနိုင်ငံ၏သွေးချင်း တိုင်း ရင်းသားလူမျိုးများတွင် မိမိတို့၏ ကိုယ်ပိုင်ရိုးရာအစား အစာများ ရှိသည်။ ထို့အတူ ရိုးသားပြီး ချစ်စရာဓလေ့ စရိုက်များရှိသော ချင်းလူမျိုးတို့တွင်လည်း ကိုယ်ပိုင်ရိုး ရာ ဆာဗူးသီးအစားအစာရှိသည်။ ဆာဗူးသီးသည် ချင်း လူမျိုးတို့၏ အဓိကဟင်းလျာအဖြစ်စားသုံးသော အစား အစာ အမျိုးအစား မဟုတ်ဘဲ အဆာပြေစားသုံးသော အစားအစာ(Snack)အမျိုးအစားတစ်မျိုးဖြစ်သည်။

ဆာဗူးသီးအစားအစာသည်မည်သည့်အချိန်ကစတင်ပေါ်ပေါက်ခဲ့သည်ကိုမှတ်တမ်းတင်ထားသောအထောက် အထားများ ရှာမတွေ့ သေးပါ။ တစ်နည်းအားဖြင့်ဆို သော် ဆာဗူးသီးအစားအစာသမိုင်းကို ခြေရာခံ၍မရနိုင် သေးပါ။ သို့သော်လည်း ရှေးနှစ်ပေါင်းများစွာကတည်း က ပေါ်ပေါက်လာခဲ့ပြီး မြန်မာဘုရင်များလက်ထက် ချင်းစော်ဘွားများခေတ်ကတည်းက စော်ဘွား များမှစ၍ သာမန်ပြည်သူများအထိ ဆာဗူးသီးအစားအစာကို နှစ် ခြိုက်ခုံမင်စွာ စားသုံးခဲ့ကြသည်ဟု ချင်းလူကြီးသူမများ က ပြောဆို ခဲ့သည်။ ဆာဗူးသီးဟူသောချင်းဝေါဟာရမှာ ချင်းပြည်နယ်၊ ဟားခါးစကားဖြစ်သည်။ ဆာမှာ အသား ဟု မြန်မာလိုအဓိပ္ပာယ်ရပြီး
ဗူးသီးမှာ ပြောင်းဖူးပြုတ် ရည်ဟု အဓိပ္ပာယ်ထွက်သည်။ ထို့ကြောင့် ဆာဗူးသီး၏ မြန်မာလိုအဓိပ္ပာယ်မှာ အသားနှင့် ပြောင်းဖူး ပြုတ်ရည် ပင်ဖြစ်သည်။

ပထ၀ီအနေအထားအရ ချင်းတောင်တန်း ဒေသတွင် ရှေးအခါက ဆန်စပါးထက် ပြောင်းဖူးကိုပိုမို စိုက်ပျိုးကြသည်။ ထို့ကြောင့် ပြောင်းဖူးနှင့်ဆက်နွှယ်သော ချင်းရိုးရာအစားအစာပေါ်ပေါက်လာခြင်းပင်ဖြစ်နိုင် သည်ဟုယူဆသည်။ ရှေးအခါက ဆာဗူးသီးအစား
အစာ ချက်ပြုတ်ရန် ပါဝင်သောအရာများမှာ သစ်သားဆုံဖြင့် ထောင်းထားသော အခွံချွတ် ပြောင်းဖူးကြမ်းအဆန်၊ အသားနှင့် ရေတို့ပင်ဖြစ်သည်။ ဟင်းခတ်မှုန့်မပါသော် လည်း အသား၏အချိုဓာတ်နှင့် ပြောင်းဖူး၏ ချိုဆိမ့် သော အရသာပေါင်းစပ်ထားသည့်
ချိုဆိမ့်အီနေသော အစားအစာပင်ဖြစ်သည်။ ဆာဗူးသီး တစ်ခွက်စားပြီး ပါက တောင်ယာလုပ်ငန်းကို တစ်နေကုန် မမောမပန်းဘဲ အလုပ်လုပ်နိုင်လောက်အောင် အာဟာရရှိသည်ဟု ချင်းရှေးလူကြီးများ၏ ဆိုရိုးစကားရှိသည်။ အသားမှာ ရှေးအခါက နွားနောက်ဝမ်းတွင်းသား(နွားနောက်အူ ကို အများဆုံးသုံးသည်)ကို အခွံချွတ် ပြောင်းဖူးကြမ်း ဆန်ဖြင့်ရော၍ပြုတ်သည်။

နွားနောက်ခြောက်ဖုတ်ကို အသားနှင့် ပြောင်းဖူးပြုတ်ရည်ပျစ်ပျစ်ဖြင့် တွဲ၍စား သုံးသည်။ ချင်းစော်ဘွားများခေတ်မတိုင်မီက ဆာဗူး သီး အစားအစာကို ၀ါးဘိုးဝါးအဆစ်ဖြင့်ချက်ပြုတ်ပြီး ဟင်းခွက်၊ ဇွန်းများကို ဘူးခါးခြောက်ဖြင့် ပြုလုပ်အသုံး ပြုကြသည်။

ချင်းစော်ဘွားများခေတ်တွင် ဆာဗူးသီးကို မြေအိုးများဖြင့်ချက်ပြုတ်လာသည်။ အိုးမှာ အောက် ခြေရှူးပြီး
အလယ်ကားသောပုံသဏ္ဌာန်ရှိသည်။ ဆာ ဗူးသီးအစားအစာကို အထက်ဖော်ပြပါအိုးများဖြင့်သာ နှောင်းခေတ်ထိအောင် ချက်ပြုတ်လေ့ရှိသည်။ ချင်း တောင်းပေါ်ဒေသအချို့တွင် ဘူးခါးခြောက် အကြီး၊ အသေးတို့ဖြင့် ပြုလုပ်ထားသော ဟင်းခွက်၊ ဇွန်းများနှင့် ဆာဗူးသီးချက်သောမြေအိုးများကို ယနေ့တိုင်တွေ့မြင် နိုင်သေးသည်။

ဆာဗူးသီးစားသုံးသောဓလေ့မှာ တစ်နေရာ နှင့် တစ်နေရာ ပုံစံနှင့် အခေါ်အဝေါ်မတူကြပေ။ ချင်း ပြည်နယ်၊ တီးတိန်ဒေသတွင် ဆာဗူးသီးကို တီးတိန် စကားဖြင့် ဘိုင်မင်ကျင်း(Vai Min Ciin)ဟုခေါ်သည်။ အဓိပ္ပာယ်မှာ မြန်မာလို ပြောင်းဖူးပြုတ်ရည်ပင်ဖြစ်သည်။ ချက်ပြုတ်သည့်ပုံစံမှာ ပဲယဉ်၊ အခွံချွတ်ပြောင်းဖူးကြမ်း အဆန်နှင့် ရာသီအလိုက်ပေါ်သော အသီးအရွက်စုံတို့ ကို ရော၍ပြုတ်သည်။

ထိုပြုတ်ရည်ကို အသားဖြင့်တွဲ စားသည်။ ချင်းပြည်နယ်တောင်ပိုင်းဒေသများဖြစ်သော မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝဒေသများ တွင် ဆာဗူးသီးကို မင်းတပ်နှင့် ကန်ပက်လက် ချင်း စကားဖြင့် အေတွီ(Ai Thwi)ဟုခေါ်ပြီး မြန်မာလို အဓိပ္ပာယ်မှာ ပြောင်းဖူးပြုတ်ရည်ပင်ဖြစ်သည်။ မင်းတပ် နှင့် ကန်ပက်လက်ဒေသများတွင် အေတွီ(Ai Thwi) ခေါ် ပြောင်းဖူးပြုတ်ရည်ထဲတွင် ရာသီစာဖြစ်သော ပဲ ယဉ်၊ ရုံးပတီသီး၊ ပဲသီး၊ ဖရုံသီး၊ ဖရုံရွက်၊ ပဲရွက် စသည် တို့ကိုထည့်၍ အဆာပြေစားသောအစားအစာ(ှညခေု) အဖြစ် စားသုံးကြသည်။ ချင်းတောင်ပိုင်းဒေသများတွင် အေတွီ ခေါ် ပြောင်းဖူးပြုတ်ရည်ကို အသားဖြင့်တွဲစား လေ့မရှိကြပါ။ ချင်းလူမျိုးအချို့တို့သည် အောင်လောက် အသီး(အချဉ်ဓာတ်ရှိသည်)ကို ဆာဗူးသီးအစားအစာ ထဲတွင် နှစ်ခြိုက်စွာ ထည့်ပြုတ်စားသောက်လေ့ရှိသည်။ထူးခြားသည်မှာ မတူပီမြို့နယ်တွင် နေထိုင်ကြသော မရာ(Mara)ချင်းလူမျိုးတို့သည် ရှေးရိုးအစဉ်အလာအရ တောင်ယာစပါး(ဆန်)ကိုသာ အဓိကစားသုံးလေ့ရှိပြီး ဆာဗူးသီးအစားအစာ(ပြောင်း)စားလေ့မရှိပါ။

ယခုအခါ ဆာဗူးသီးအစားအစာကို တန် ဆာပိုဆင်လာကြသည်။ ရှေးကချက်ပြုတ်သောအိုးနှင့် သဏ္ဌာန်တူ
အောက်ခြေရှူးအလယ်ကား ဒန်အိုးကြီး များဖြင့် ချက်ပြုတ်လာကြသည်။ ဆာဗူးသီးချက်ပြုတ် သော မီးဖိုများကို အုတ်ဖြင့်ပြုလုပ်လာကြသည်။ အသား အနေဖြင့် ကြက်သား၊ ၀က်သား၊ နွားနောက်သားများ အပြင် ကလီစာများကိုလည်း ဖြည့်စွက်ချက်ပြုတ်လာ သည်။ ဆာဗူးသီးနှင့်တွဲစားရန် ချင်းတောင်ပေါ်တွင်သာ ပေါက်သော ခရမ်းကစော့သီး ချင်းစကားဖြင့် ဆဲင်တော့ခ် (Sen Tok)ကို ပြုတ်ပြီး စမြိတ်၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ငရုတ်သီး၊ ဆားတို့ဖြင့် ရောထောင်းထားသော ငရုတ် ထောင်းဖြင့် တွဲစားသုံးလာကြသည်။ ထို့အပြင် ပဲဖြင့် ပြုလုပ်ထားသော အကြော်များဖြင့်လည်း တွဲစားလာ ကြသည်။

ဟင်းခတ်မှုန့်ကြိုက်သူများအတွက် ဟင်းခတ် မှုန့်ဘူး၊ အငန်ကြိုက်သူများအတွက် ဆားဘူးများလည်း
တွဲစားရန်ထားပေးလာကြသည်။ ယနေ့ ဆာဗူးသီးအစားအစာကို ချင်းတောင် ပိုင်းဒေသများဖြစ်သော မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝဒေသများနှင့် ချင်းမြောက်ပိုင်းဖြစ်သော တီး တိန်၊ တွန်းဇံ၊ ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ ကျီခါးဒေသ များတွင် ရိုးရာအစားအစာအဖြစ်
ချင်းတိုင်းရင်းသား များ မိမိဓလေ့နှင့်အညီ ချက်ပြုတ်၍စားသုံးကြသည်။ ထို့ပြင် ဆိုင်များဖွင့်၍ ဆာဗူးသီးကိုရောင်းချကြသည်။

အချုပ်အားဖြင့် မြန်မာပြည်အနှံ့အပြားတွင် နေထိုင်ကြသောတိုင်းရင်းသားများ သွေးချင်းတို့၏ ချင်း ပြည်နယ်ကို ရောက်ရှိလာခိုက် အာဟာရပြည့်ဝပြီး သဘာဝချိုဆိမ့်မွှေးနေသော ချင်းတိုင်းရင်းသားတို့၏ ရိုးရာဆာဗူးသီးအစားအစာကို ချင်းတောင်တန်းအလှခံ စားရင်း စားသုံးအရသာခံစားနိုင်ရန်နှင့် မိမိတို့အရပ် ဒေသတွင်လည်း ချက်ပြုတ်စားသုံးနိုင်ရန် ရည်ရွယ်၍ ချင်းတို့၏ရိုးရာအစားအစာ
'ဆာဗူးသီး'အကြောင်းကို ရေးသားတင်ပြပါသည်။ ထို့ပြင် ချင်းတို့၏ ရိုးရာအစား အစာ ဆာဗူးသီးကို မြန်မာပြည်ရှိ အခြား တိုင်းရင်းသား များ သိရှိနားလည်စေရန် ရည်ရွယ်ပါသည်။



မှတ်ချက်။     ။ yangonmedia.com မှ လျှောက်လည်ရင်းနဲ့ လွယ်အိတ်ထဲ ထည့်လာတာ...မစားသေးတဲ့ သူငယ်ချင်းတွေကို ပြန်လည်မျှဝေတာပါ။

Wednesday, August 4, 2010

ချင်းလဲင်းဖွဲ့စည်းပုံအခြေခံမူကြမ်း(၄)...Chin forum

ချင်းလဲင်းဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း-၎
လေ့လာချင်သူများ အတွက်စုစည်းသည်။

ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံ...ဆလိုင်းကီလဲအောမ်း

Chin National Day Background History
မင်းသုခ ဘလောက်မှ ကူးယူပါသည်။

Sunday, August 1, 2010

၆၂နှစ်မြောက် ချင်းအမျိုးသားနေ့



ချင်းအမျိုးသားနေ့ဆိုတာ ချင်းလူမျိုးတို့ရဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့် ပြန်လည်ရရှိရေးနဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှုတို့ ရရှိရေးအတွက် နှစ်ပေါင်း(၄၀)ကျော် ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်လာခဲ့ရာကနေ ပေါ်ပေါက်လာတဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ် တစ်ခုပါ။ ၁၈၉၅-၁၉၄၈ခုနှစ်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိတဲ့အထိ စဉ်ဆက်မပြတ် ရုန်းကန်လှုပ်ရှားရင်း ဖြစ်ပေါ်လာခဲ့တာပါ။ ချင်းလူမျိုးစုဟာ ၁၈၉၇ ခုနှစ် အင်္ဂလိပ်နယ်ချဲ့လက်အောက် မကျရောက်ခင်ကာလအထိ ကိုယ့်မင်းကိုယ့်ချင်းဖြင့် မိမိတို့ကိုယ် မိမိတို့ အုပ်ချုပ်ခဲ့ကြတဲ့ လူမျိုးဖြစ်ပါတယ်။

မေမြို့ (အခု ပြင်ဦးလွင်မြို့) အခြေစိုက်အင်္ဂလိပ်စစ်တပ်မှာတာဝန်ထမ်းဆောင်နေကြတဲ့ ချင်းအမျိုးသားတွေဟာ ၁၉၁၈ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ချင်းအမျိုးသားများပညာရည်မြှင့်တင်ရေး အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့ကြပြီး ချင်းအမျိုးသားတို့ရဲ့ ပညာရည်မြှင့်တင်ရေးကို စပြီးကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ ချင်းအမျိုးသားတို့ရဲ့ သမိုင်းမှာ ပထမဦးဆုံးဖွဲ့စည်းခဲ့တဲ့ ဒီအဖွဲ့အစည်းမှာ ဥက္ကဋ္ဌအဖြစ် ဆူဗီဒါအွမ်ပိုင်း (ကန်ပက်လက်ခရိုင်)၊ ဒု-ဥက္ကဋ္ဌအဖြစ် ဦးဝမ်သူးမောင် (ဝမ်းသူးရွာ၊ မင်းတပ်မြို့နယ်)၊ အတွင်းရေးမှူးအဖြစ် ဦးရမ်းလောင်းလိန် (ကန်ပက်လက်မြို့နယ်)၊ အဖွဲ့ဝင်များအဖြစ် မြေပြန့်အရှိုချင်းများ၊ လူရှည်ချင်း အမျိုးသားတို့ပါဝင်ခဲ့ကြတယ်။ ဒီအဖွဲ့အစည်းကြောင့်ပဲ ချင်းအမျိုးသားနေ့ သတ်မှတ်ရေးအတွက် အရေးပါတဲ့နေ့တစ်ရပ် ဖြစ်လာခဲ့ရတယ်။

၁၉၂၈ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ချင်းအမျိုးသားတို့ရဲ့ ပထမဆုံး ချင်းနိုင်ငံရေးပါတီဖြစ်တဲ့ ချင်းတောင်ညီညွတ်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ကြပြီး ၁၉၃၃မှာ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ ဆိုပြီး အမည်ပြောင်း မှည့်ဆိုခဲ့ကြတယ်။ ၁၉၃၄ စက်တင်ဘာလ၂၉ရက်နေ့မှာ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး ဗြိတိသျှဆီမှ ချင်းအမျိုးသားတို့ရဲ့ အခွင့်အရေးနဲ့ နှစ်နာချက် ၉ ချက်ကို တင်ပြ တောင်းဆိုခဲ့ကြတယ်။ အဲဒီ ညီလာခံရဲ့ အရေးကြီးဆုံး တောင်းဆိုချက်ဟာ ပြည်မကို လွတ်လပ်ရေးပေးရင် ချင်းတောင်ကိုလည်း လွတ်လပ်ရေး ပေးရမယ်။ အခြားတိုင်းရင်းသား လူမျိုးတွေနည်းတူ ချင်းအမျိုးသားများကိုလည်း တန်းတူအခွင့်အရေး ပေးရမယ် လို့တောင်းဆိုခဲ့ကြပါတယ်။

၁၉၃၈ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ရဲ့ တောင်းဆိုချက် ၉ ချက်ကို ဆွေးနွေးဖို့ အနယ်နယ်အရပ်ရပ်က ချင်းအမျိုးသား ကိုယ်စားလှယ် ၃၀၀၀ခန့် နဲ့ အင်္ဂလိပ် အာဏာပိုင် တို့ဟာ ကန်ပက်လက်မြို့ မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ရဲ့ တောင်းဆိုချက်ကို ဗြိတိသျှ အာဏာပိုင်တို့အနေနဲ့ "မည်သို့မျှလိုက်လျောပေးနိုင်မည်မဟုတ်" ဆိုတဲ့ တုံ့ပြန်ချက်ကြောင့် ချင်းအမျိုးသား ကိုယ်စားလှယ်အနေနဲ့လည်း ဆန္ဒပြပြီးတုံ့ပြန်ခဲ့ကြပါတယ်။ ၁၉၃၉ ခုနှစ်မှာ အင်္ဂလိပ်အစိုးရဟာ ချင်းအမျိုးသားညီညွှတ်ရေးကို တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေငြာခဲ့ပြီး ဦးဝမ်သူးမောင်နှင့်အဖွဲ့ ၉ ဦးတို့ကို ဖမ်းဆီးခဲ့ကြပါတယ်။ သူတို့အဖွဲ့ကို ဖလမ်း၊ ဟားခါး၊ တီးတိန်၊ မြင်းခြံ၊ မန္တလေး၊ ကသာ ထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ခဲ့တယ်။ ဦးဝမ်သူးမောင်ဟာ အကြိမ်ကြိမ်အဖမ်းခံရပြီး သူ့ရဲ့ အိမ်ကိုပါ မီးရှို့ပစ်ခြင်းကို ခံခဲ့ရသူပေါ့။

၁၉၄၈ ဖေဖော်ဝါရီလ ၁၉-၂၂ ရက်များမှာ ချင်းဝိသေသတိုင်း၊ တိုင်းလုံးဆိုင်ရာ ညီလာခံတစ်ရပ်ကို ဖလမ်းမြို့ မှာ ကျင်းပခဲ့ပြီး ချင်းဝိသေသတိုင်း အနယ်နယ်အရပ်ရပ်က ပြည်သူလူထု ၅၀၀၀ ကျော် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရွာသူကြီး၊ တိုက်သူကြီး၊ အုပ်ချုပ်ရေး၊ ပြောင်းခွန်၊ လူခွန်၊ အမဲခွန် ပေးဆောင်တဲ့စနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရင်း ဖေဖော်ဝါရီလ၂၀ရက်နေ့မှာ ချင်းအမျိုးသားနေ့အဖြစ် ထောက်ခံအတည်ပြုခဲ့ကြပါတယ်။

ဒီလိုနဲ့ ၁၉၁၈-၁၉၄၈ထိဟာ ချင်းအမျိုးသားတို့အတွက် သမိုင်းဝင်အဖြစ်အပျက်တွေ တစ်ခုပြီး တစ်ခု ဆက်တိုက် ဖြစ်ပွားခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် တရားဝင်သတ်မှတ်ဖို့ ၁၉၅၀ အောက်တိုဘာလ ၉ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ ချင်းအမျိုးသားရေးရာကောင်စီ အစည်းအဝေးကနေ သတ်မှတ် အတည်ပြု ပြဌာန်းခဲ့ကြပါတယ်။ မင်းတပ်မြို့မှာ ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ကို ပြုလုပ် ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးအချို့ တက်ရောက်အားပေးခဲ့ကြပါတယ်။ နိုင်ငံတော် သမ္မတရဲ့ သဝဏ်လွှာကို နိုင်ငံတော်ဝန်ကြီးချုပ်က ဖတ်ကြားအားပေးခဲ့ပါတယ်။

ဒါတွေကတော့ ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကျဉ်းချုပ်လေးပေါ့။ ချင်းလူမျိုးတွေရဲ့ချစ်စရာ ရိုးရာဓလေ့အချို့  Angel Shaper သိသလောက်ပြောပြရမယ်ဆိုရင်တော့ ချင်းလူမျိုးတွေဟာ အရင်ဘိုးဘွားခေတ်ကတည်းက အင်မတန်မှကို ရိုးသားဖြူစင်ပြီး သစ္စာတရားကို တန်ဖိုးထားတဲ့ လူမျိုးစုတွေဖြစ်ခဲ့ပါတယ်။ ဒီလူမျိုးစုကို သစ္စာရှိတဲ့ တောင်ဇလပ်ပန်းနီလေးတွေ၊ အောက်ချင်းငှက်ကလေးတွေနဲ့ ကိုယ်စားပြုခဲ့တယ်လေ။

တောင်ဇလပ်ပန်းဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံး၊ အမွှေးဆုံး နဲ့ နာမည်အကြီးဆုံးပန်း မဟုတ်ခဲ့ပေမယ့် သူ့သဘာဝနဲ့သူ ပွင့်ဖူးတတ်တဲ့ပြီး နေဒဏ်၊ မိုးဒဏ်၊ လေဒဏ် အားလုံးကို ကြံ့ကြံ့ခံရင်း သစ္စာရှိရှိ ပွင့်ဖူးတတ်တဲ့ သစ္စာရှိတဲ့ပန်းကလေးတစ်မျိုးပါ။ တောင်ဇလပ်ပန်းဟာ ပင်စည်ကနေ ခူးဆွတ်ပေမယ့် သူ့သဘာဝကိုက အကြာကြီး ပွင့်လန်းနိုင်စွမ်းရှိတဲ့ ထူးဆန်းတဲ့ပန်းတစ်မျိုးပေါ့။ ဒီပန်းလေးတွေဟာ မြေပြန့် ဒေသတွေမှာ မပွင့်နိုင်ပါဘူး။ ဒီလိုအေးချမ်းတဲ့ တောင်ပေါ်ဒေသမှာပဲ ထူးခြားစွာ ပွင့်တတ်တဲ့ ပန်းတစ်မျိုးပါ။ တောင်ဇလပ်ပန်းတွေဟာ ချင်းပြည်နယ်ကို ကိုယ်စားပြုအလှဆင်နေတဲ့ သဘာဝကပေးတဲ့ လက်ဆောင်ပါ။

အောက်ချင်းငှက်ရဲ့ သဘာဝဟာဆိုရင် သူတို့ဟာသစ္စာရှိတဲ့အမျိုးတွေဖြစ်တယ်။ ဘယ်လောက်ထိ သစ္စာရှိသလဲ ဆိုရင်တော့ တစ်ကောင်သေရင် ကျန်ခဲ့တဲ့တစ်ကောင်ကပါ သူ့ချစ်သူသေတဲ့နေရာဒေသကိုရောက်အောင် ဟိုးအမြင့်ဆုံးကောင်းကင်ပေါ်ကနေ ထိုးဆင်းကျပြီး အသက်သေခံရင်း ချစ်ခြင်းမေတ္တာ၊ သစ္စာတရား ကြီးမားခဲ့ ကြတဲ့ ငှက်ကလေးတွေပေါ့။ သူတို့ရဲ့သစ္စာတရားဟာ ချင်းလူမျိုးတွေအတွက် အကောင်းမွန်ဆုံးသော ပုံသက်သေ ကောင်းတွေ ဖြစ်လာခဲ့ပါတယ်။

ဥပမာလေးတစ်ခုပြောရရင် အရင်ခေတ်တုန်းက ချင်းလူမျိုးတွေရဲ့တောင်ပေါ်ဒေသ တောရွာတွေမှာ သော့ဆိုတာ မရှိခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပစ္စည်းပျောက်တယ်။ ခိုးတယ်၊ ဝှက်တယ်၊ သူခိုး ဆိုတာ မရှိခဲ့ဘူးလေ။ တစ်ယောက်နဲ့တစ်ယောက်ဟာ ယုံကြည်မှုရှိတယ်။ သစ္စာရှိကြတယ်။ လယ်ထွန်သွား၊ အပြင်သွားတဲ့အချိန်တွေမှာတော့ ကျွဲ၊ နွား တိရိစ္ဆာန်တွေရဲ့ ရန်ကနေ ကာကွယ်ဖို့လောက်ပဲ သစ်လုံးတွေနဲ့ အကာအကွယ်ပြု ခဲ့ကြတာပါ။ အဲဒီလောက် အေးချမ်းခဲ့တာပေါ့။

နောက်ပြီး ချစ်စရာဓလေ့တစ်ခုကတော့ လူပျို၊ အပျိုတွေဟာ မိဘနှစ်ပါးရဲ့ မျက်စိအောက်မှာပဲ ချစ်ရေးဆို တတ်ကြတယ်။ ချစ်ခွင့်ပန်ကြပါတယ်တဲ့လေ။ အချစ်ရေးဆိုတဲ့အခါမှာလဲ ကဗျာတွေ၊ သီချင်းလေးတွေဖွဲ့ဆိုပြီး ချစ်ရေးဆိုတတ်ကြတာ ဓလေ့တစ်ခုပေါ့။ လူပျိုလှည့်ပြီဆိုရင် လူသူရှိတဲ့နေရာ အဓိကကတော့ အပျိုလေးရဲ့ နေအိမ်မှာ မိဘ၊မောင်နှမရှိနေချိန်တွေမှသာ လည်ခွင့်ရှိပါတယ်။ သမီးရည်းစားချိန်းတွေ့ကြမယ်ဆိုရင်တော့ မိသားစုအားလုံးနဲ့ မီးဖိုဘေးမှာမီးကလေးလှုံရင်း တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းစကားပြောကြပြီး ချစ်ကြည်နူးကြရတယ် ဆိုပဲ။ ဒီခေတ်လူငယ်တွေလို လူသူပါးပြီး မှောင်တဲ့နေရာတွေ၊ ရုပ်ရှင်ရုံတွေ၊ ပန်းခြံရဲ့ ထောင့်နေရာလေးတွေ၊.... စတဲ့ စတဲ့ နေရာလေးတွေမှာ ချိန်းတွေ့ကြတာ မဟုတ်ဘူးလို့ပြောချင်တာပါ။ အဟဲ။ ချစ်သူချင်းလဲ အောက်ချင်းငှက်တွေလိုပဲ သစ္စာရှိကြတယ်။ သေတဲ့အထိကိုပဲ တစ်ဦးနဲ့တစ်ဦး တန်ဖိုးထားပြီး ချစ်မြတ်နိုးတတ်ကြပါတယ်။


ချင်းလူမျိုးတွေမှာ ချင်းစကား၊ ချင်းအမျိုးအနွယ်ပေါင်း အများကြီး အများကြီး ရှိပါတယ်။ (အကုန်လုံးကို ဖော်ပြရင် ပိုစ့်ကအရမ်းကို ရှည်သွားလိမ့်မယ်။ ဒီတော့ အခွင့်ကြုံမှ ဖော်ပြပါ့မယ်)။ ပန်းအိုးလေးတစ်လုံးကို အလှဆင်ဖို့ အတွက် ပန်းပွင့် အမျိုးစုံ၊ အရောင်စုံ အသုံးပြုမှသာ လိုအပ်သလို အလှပဆုံး အလှဆင်နိုင်သလိုပဲ၊ ချင်းလူမျိုးတွေ ဟာလဲ မြောက်များစွာသော အမျိုးနွယ်စု၊ ဘာသာစကားစုတွေကြောင့်သာ ပိုပြီး လှပသက်ဝင် အဓိပ္ပာယ်ရှိရခြင်း ဖြစ်ပါတယ်။ ဒီကနေ့ ၂၀၁၀ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာကျရောက်တဲ့ (၆၂) ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒီပိုစ့်လေးကို ရေးသားရခြင်းပါ။ ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်တာ Angel Shaper ရဲ့ အားနည်းချက် ဖြစ်သလို၊ သေချာလေ့လာပြီးမှ ချင်းပြည်နယ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာအချို့ ကို အခွင့်ရှိရင် တင်ပြပါဦးမယ်။

ဒီပိုစ့်လေးအတွက် လိုအပ်တဲ့ အချက်အလက်တွေကို စိတ်ရှည်လက်ရှည် အကြံပေးပြီး ကူညီပြောပြပေးတဲ့ အကို (U Sianpu) နဲ့ သူငယ်ချင်း ပေါက်စီကို ကျေးဇူးအကြီးကြီးတင်ပါတယ်။ သူငယ်ချင်းပေါက်စီ ဆွဲထားတဲ့ ဒီဇိုင်းလေးကြောင့်လဲ ကျေးကျေးစ်နော်။


ချစ်ခြင်းများစွာဖြင့်

Angel Shaper

19.2.2010 (Fri;)

11:25 Pm

http://angelshaper.blogspot.com/ မှကူးယူပါသည်။