Sunday, October 17, 2010

ဘုတ်ငှက်တို့၏ ပျံခြင်း၊ မပြန်ခြင်းကိစ္စ


လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို မဂ္ဂဇင်းတစ်စောင် လက်ဆောင်လာပေးပါတယ်။ ပန်းချီဆရာ ဆလိုင်းမိုးယဉ်သဲရာရဲ့ ပုံကို မျက်နှာဖုံးအဖြစ် သုံးထားတာတွေ့ရတော့ ပိုပြီး စိတ်ဝင်စားမိပါတယ်။ နောက်တစ်ဆင့် ကြည့်လိုက်တော့ ချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ဗဟို) နှစ်ပတ်လည်မဂ္ဂဇင်းလို့ ရေးထားတယ်။ ၀မ်းသာအားရနှင့် အဲဒီမဂ္ဂဇင်းကို ကျွန်တော် သေချာ ဖတ်လိုက်ပါတယ်။ ချင်းလူကြီး၊ လူငယ်အစုံက ကလောင်ကိုင်ပြီး ချင်းလူမျိုးအရေး ရေးထားတဲ့စာတွေ ဖတ်ရတာ ရင်ထဲ ကြည်နူးရပါတယ်။


ယခု … ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-ရန်ကုန်) ခေါ် ခ.စ.ယမှ ချင်းမဂ္ဂဇင်းထုတ်ဖို့ ကျွန်တော့်ကို စာမူလာတောင်းပါတယ်။ ချင်းမဂ္ဂဇင်းဆိုတာနှင့် ကျွန်တော် မျက်လုံးပြူးရပါတယ်။ ကျွန်တော် မယုံနိုင်ပါ။ ကျွန်တော်သိရှိ၊ လေ့လာမိသမျှ၊ ချင်းမဂ္ဂဇင်းဟာ အရှိန်အ၀ါကြီးခဲ့တယ်။ ရှစ်အုပ်ပဲထုတ်ဝေခဲ့တယ်။ နောက်ဆုံးထုတ်ဝေတာ အခုဆိုရင် နှစ်နှစ်ဆယ်ကျော်ခဲ့ပြီ။ အဲသလောက်ကြီးကျယ်ခဲ့တဲ့ မဂ္ဂဇင်းမျိုး ကျွန်တော့်ညီငယ်တွေ ထုတ်ဝေနိုင်ပါ့မလား။ မေးခွန်းပေါင်းများစွာ ကျွန်တော့်ရင်ထဲ ရောက်လာပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကြုံတွေ့ခဲ့ဖူးတဲ့ ချင်းကျောင်းသားအများစုဟာ စာပေကို စိတ်မ၀င်စားကြ။ သီချင်းဆိုဖို့ ပွဲလုပ်ဖို့ ပျော်ရွှင်ဖို့ပဲ သူတို့စိတ်ဝင်စားကြတယ်။ ချင်းစာပေ၊ ချင်းယဉ်ကျေးမှု သူတို့ စိတ်မ၀င်စားကြ။

စာရေးသူ ကျွန်တော် အဝေးသင် တက္ကသိုလ်တက်ခဲ့တုန်းက၊ ခ.စ.ယ မှာ ထဲထဲဝင်ဝင် သိပ်မရှိလှတာကို သူငယ်ချင်း တစ်ချို့ ဝေဖန်ကြတယ်။ ချင်းအမျိုးသားနေ့ အစီအစဉ်တွေကို ခ.စ.ယ မှ လုပ်ခဲ့လည်း မတက်ရောက်ခဲ့ပါ။ မင်းက ခ.စ.ယ လုပ်ငန်းတွေမှာ ရှောင်ဖယ်ရှောင်ဖယ်နဲ့ လို့ သူငယ်ချင်းတွေက အပြစ်တင်ကြတယ်။

ကျွန်တော် သူတို့ကို စသလို၊ နောက်သလိုနှင့် ပြောလိုက်တယ်။ “မင်းတို့ဟာက … ချင်းစာပေနှင့် ယဉ်ကျေးမှုနဲ့မှ မတူတော့တာ။ မင်းတို့ လှုပ်ရှားမှုက ချင်းစတိတ်ရှိုးယဉ်ကျေးမှု ဖြစ်သွားပြီ၊”

အဲသလို ပြောကြဆိုကြရင်း၊ ကျွန်တော်ကတော့ လမ်းဘေးစာအုပ် ပုံကနေ ရရှိခဲ့တဲ့ ချင်းမဂ္ဂဇင်းဟောင်းတွေကို လွမ်းလျက်၊ ကျွန်တော်ငယ်ငယ်တုန်းက ဖတ်ခဲ့ဘူးတဲ့ ကျိမ်နွဲမဂ္ဂဇင်းမျိုးကို လွမ်းရင်း။

အသစ်ထွက်ရှိလာတော့မယ့် ချင်းမဂ္ဂဇင်းမှာပေးဖို့ စာလေး တစ်ပုဒ် သီကုံးကြည့်တယ်။

ဘာရယ်၊ ညာရယ်တော့မဟုတ်။ ရင်ထဲက အလွမ်းလေးတွေပါ။ ရင်ထဲက ခံစားချက်လေးပါ။ ဃနညအမေူ ဃူဃဃ နှစ်ပတ်လည် မဂ္ဂဇင်းထဲက သူငယ်ချင်းရေးဖော်ရေးဖက် ကဗျာဆရာ မြကဗျာရဲ့ “ဘုတ်ငှက်များအကြောင်း” ကဗျာကို ပြန်လည်ခံစားခြင်းပါ။

“ဘုတ်ငှက်ပျံသည်ကို လိုက်လျှင် ပြည်မရောက်သည်” ဆိုတဲ့ စကားပုံကို ယူပြီး ကဗျာဆရာ မြကဗျာက ကဗျာဖွဲ့လိုက်တယ်။

သူ့ကဗျာ ပထမပိုဒ်မှာ

တောင်ပေါ်မှာ

ပျံတတ်တဲ့ ဘုတ်ငှက်တွေများတယ်။

တချို့ဘုတ်ငှက်တွေ

အစားအစာ အတွက်ပျံသန်းတယ်

တချို့ဘုတ်ငှက်တွေ

စကားအထာအတွက် ပျံသန်းတယ်

ပြည်မရောက်တယ် …။

သူအဲသလို ဖွဲ့ဆိုထားပါတယ်။ ဘုတ်ငှက်တွေဟာ တောင်ပေါ်မှာ ပျံသန်းကြပေမယ့် တချို့ကျတော့ မြေပြန့်ကို ပျံသန်းတဲ့အကြောင်း ကဗျာဆရာက ညွှန်းဆိုခဲ့တယ်။ ဘုတ်ငှက်တွေ ပျံသန်းတဲ့ တောင်ဆိုတာ အမိချင်းတောင်တန်းတွေကို ကဗျာဆရာက ဆိုလိုခြင်းဖြစ်တယ်။

ဆက်ပြီး ကဗျာကို ကျွန်တော်ဖတ်ကြည့်တယ်။ ဘုတ်ငှက်တွေရဲ့ ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ပျံသန်းခြင်းကို ကဗျာဆရာက အသေးစိတ် ရေးထားတာ တွေ့ရတယ်။ အမြင့်ကို ပျံတဲ့ ဘုတ်ငှက်တွေ ရှိသလို ခပ်နိမ့်နိမ့်မှာ ပျံသန်းတဲ့ ဘုတ်ငှက်တွေလည်း များသတဲ့။ တည့်တည့်ပျံတဲ့ငှက်တွေ ရှိသလို၊ ဇောက်ထိုးပျံတဲ့ ငှက်လည်းရှိတယ်။ အားလုံးရဲ့ ပျံသန်းမှုမှာ ပြည်မကို ဦးတည် ပျံသန်းတယ်လို့ ကဗျာဆရာက ဆိုပါတယ်။

အဲသလို မြေပြန့်ကို ပျံသန်းခဲ့တဲ့ ဘုတ်ငှက်တွေအကြောင်းကို ကဗျာဆရာက ဆက်ပြီး ဒီလိုရေးဖွဲ့ခဲ့တယ်။

အဲဒီဘုတ်ငှက်တွေပေါ့

တခါ တခါ

မီးပုံနံဘေး

ခေါင်ရည်တေးနှင့်

ချိုအေးကြည်မြ … ခွါဒိုညကို သတိရသတဲ့။

ဒီအပိုဒ်မှာ … မြေပြန့်မှာ ပျံသန်းတဲ့ ဘုတ်ငှက်တွေရဲ့ ခံစားချက်ကို ကဗျာဆရာက ဖွဲ့ဆိုခဲ့တယ်။ ဘုတ်ငှက်တွေဟာ ပြည်မမှာ ပျံသန်းနေကြပေမယ့် တောင်ပေါ်ကို သတိရဟန် တွေ့ရတယ်။

ဒါပေမယ့် … အဲသလို တောင်ပေါ်ဒေသကို လွမ်းဆွတ်သတိရပေမယ့် … ဘယ်ဘုတ်ငှက် (အများစု) မှ တောင်ပေါ်ကို ပြန်ပြီး ပျံသန်းမသွားတဲ့အကြောင်းကို ကဗျာဆရာက ဒီလိုရေးလိုက်တယ်။

ဒါပေမယ့်

(တချို့ကလွဲရင်) ဘယ် ဘုတ်ငှက်မှ

တောင်ပေါ်ပြန်မရောက်ဘူး။

နောက်ဆုံးမှာ ကဗျာဆရာက သူ့ကဗျာကို သူပဲ အဆုံးသတ်လိုက်တယ်။

ဟုတ်တယ်

ပြည်မမှာ

မပြန်တတ်တဲ့ ဘုတ်ငှက်တွေ

များတယ် …။

အဲဒီ ကဗျာရယ်၊ ဘုတ်ငှက်တွေအကြောင်း စဉ်းစားမိတာနဲ့ ကျွန်တော်ငယ်ငယ်တုန်းကနေခဲ့တဲ့ တောင်ပေါ်မြို့ တီးတိန် (ွှနိငာ) ကို သတိရလွမ်းမိတယ်။ အဲဒီမြို့မှာ အဖေဆောက်ခဲ့တဲ့ မြို့စွန်ရပ်ကွက်လေးထဲက ထင်းရှူးနဲ့ဆောက်တဲ့ အိမ်လေးကို ကျွန်တော်မေ့မရပါ။ ရောင်စုံတိုက်တန်းတွေ ကင်းတဲ့ ရပ်ကွက်ကလေး မြို့ပြရဲ့ ဆူညံမှုနဲ့ ကင်းဝေးခဲ့တယ်။ ရိုးသားတဲ့ အိမ်နီးချင်းတွေနဲ့ တည်ဆောက်ထားတဲ့ ပတ်ဝန်းကျင်လေးပါ။ အဲဒီ အိမ်ဘေးနားမှာ သစ်ပင်တွေ အုံအုံဆိုင်းဆိုင်းနဲ့ ကျေးငှက်တွေလည်း ပျော်မွေ့နေကြတယ်။ မလှမ်းမကမ်းမှာ သင်္ချိုင်းကုန်းနဲ့ နီးသွားပြီ။

အဲဒီသင်္ချိုင်းကုန်းမှာ သစ်ပင်ချုံနွယ်တွေ ပေါက်လို့ ငှက်ကလေးတွေက ခိုနားကြတယ်။ ကျွန်တော့်နားထဲ အချိုဆုံးအသံက ဘုတ်ငှက်အသံလေးပါ။ ဘုတ်ငှက် မြည်သံကြားရင် ဘုတ်ငှက်ကို ဖမ်းချင်စိတ် ကျွန်တော့်မှာ ရှိလာတယ်။ ကျွန်တော်နဲ့ သူငယ်ချင်း ဘုတ်ငှက်ကို လိုက်ဖမ်းကြတယ်။ ဘုတ်ငှက်တွေတွေ့တိုင်း ဘုတ်ငှက်တွေ တောင်ပေါ်မှာ အေးအေးချမ်းချမ်းမနေရအောင် ကျွန်တော်နှောင့်ယှက်ခဲ့ဖူးတယ်။ မောင်းထုတ်ခဲ့ဖူးတယ်။ ဘုတ်ငှက်ကြီး ကျွန်တော့်လက်က ကြောက်လန့်တကြားရုန်းထွက်ပြီ အဝေးကို ပျံသန်းသွားခဲ့တာကို ကျွန်တော်အခုထိ မှတ်မိနေသေးတယ်။ မြင်ယောင်သေးတယ်။

ကျွန်တော်နေဖူးတဲ့ တောင်ပေါ်မြို့မှာ ဘုတ်ငှက်တွေနေဖို့ နေရာရှိပါဦးမလား။ သဘာဝတောတောင်တွေကို မပြုစုတတ်တဲ့ လူတွေကြားမှာ ဘုတ်ငှက်တွေ လုံခြုံမှု ရှိပါ့မလား။ တကယ်တော့ … ဘုတ်ငှက်တွေဟာ ချင်းတောင်တန်းတွေပေါ်မှာ ပျော်ရွှင်စွာ ပျံသန်းသင့်ပါတယ်။ သူတို့ ပျံသန်းခြင်းဟာ ချင်းတောင်တန်းကို အသက်ဝင်စေတယ်၊ ပိုမိုလှပစေတယ်။ ကျွန်တော်တို့ရဲ့ လုပ်ရပ်ဆိုးတွေကြောင့် ဘုတ်ငှက်တွေ ချင်းတောင်တန်းတွေ အပေါ်မှာ မပျံသန်းချင်ကြတာလား။

ချစ်တဲ့မြကဗျာ … ဘုတ်ငှက်တို့ ပျံသန်းခြင်းဟာ စိတ်ပျက်စရာမဟုတ်။ သူတို့လွတ်လပ်စွာ ပျံသန်းပါစေ။

ချင်းတောင်တန်းတွေပေါ်မှာ သူတို့အဖို့ ပျော်စရာကောင်းတဲ့ ရာသီတစ်ဖန် ရောက်လာပါ လိမ့်မယ်။ အဲဒီအချိန်ကျရင် ဘုတ်ငှက်တွေကို နှောင့်ယှက်မဲ့ ဘေးအန္တရာယ်တွေ မရှိတော့ပါဘူး။

ဘုတ်ငှက်တွေရဲ့ အိမ်ပြန်ချိန်ကို ကျွန်တော်တို့ အတူစောင့်ရအောင်မြကဗျာ။



တီအီးပေါင်

http://tepau.info/ မှ

0 comments:

Post a Comment

Thang you!