Sunday, August 1, 2010

အချစ်ဆုံး...မိုင်လေးထံသို့



သတိ ရပေါင်း များစွာဖြင့် အဝေးတစ်နေရာ ကနေ မိုင်လေးထံ စာရေးနှုတ်ဆက်လိုက်ပါတယ်။ အခုချိန် မိုင်...နေကောင်းသလား။မိုင်...နေကောင်း ကျန်းမာ ဘို့ရန် အမြဲပဲဆုတောင်း ပေးပါတယ်။ မိုင်...ခုချိန်ဘာတွေ တွေးနေ သလဲ။မိုင်...အခုချိန်ဆိုရင် တို့တောင်ပေါ် မှာ ချယ်ရီတွေ တောင်ဇလပ်ပန်းတွေ ပွင့်တော့ မှာပဲနော်။

ပျော်စရာကောင်းသလို ဒီဇင်ဘာဆောင်းလရက်တွေ ရောက်လာပြီ ဆိုတော့ လွမ်းစရာတွေ လည်းဖြစ်မှာပေါ့နော်။ခရစ္စမတ်လည်း ရောက်လုပြီ။ဟိုး တစ်ချိန်က ပျော်စရာ သီချင်းလေးတွေဟာ အခုတော့ လွမ်းစရာ သီချင်းလေးတွေ အဖြစ် ပြောင်းပြန် စီးဆင်းနေပါတော့တယ်။ တစ်ချိန်က အတူတူ သီဆိုဖူးတဲ့ သီချင်း လေးတွေကို တစ်ခါတစ်ခါ ညည်းဆိုဖြစ်ခဲ့တယ်။ ဒါဘာကြောင့်လဲ သိလား...သတိရလွန်းလို့ပါ။

အခုချိန်ဆိုရင် ချယ်ရီတွေ တောင်ဇလပ်တွေ မကတောတောင်တွေမှာ ပန်းရောင်စုံများ စုံလင်စွာ ဖူးပွင့်ဝေ ဆာ လှပနေမှာပဲနော်။ တို့ရဲ့ တောင်ပေါ်ရွာလေးနဲ့ မိုင်လေးကို လွမ်းလိုက်တာကွာ။ကိုယ် ရောက်တဲ့ နေရာမှာတော့ ဘာပျော်စရာမှ မရှိဘူး။အိမ်တွေ ခြံတွေ အရာရာတွေနဲ့ ပြည့်စုံ ပေမယ့် ငါတို့ရွာလေးလို ပျော်စရာ ဘာတစ်ခုမှ မရှိဘူး။

တို့နှစ်ယောက်ကြားမှာ သမုဒ္ဒရာကြီးတွေ...အခါခါ တောင်တန်းကြီးတွေ အထပ်ထပ် ကာဆီး ပိုင်းခြား ထားပေမယ့် မမြင်နိုင်တဲ့ သံယောဇဉ် ကြိုးကတော့ သွယ်တန်းနေ ဆဲပဲ မိုင်...။ရာသီတွေ အလီလီ ပြောင်းလဲပြီး နှစ်တွေ အခါခါ ဟောင်းသွားပေမယ့် တို့နှစ်ယောက် ရဲ့ ချစ်ခြင်းမေတ္တာဟာ ရင့်ကျက်မှုနဲ့အမျှ ပိုပြီး ခိုင်မာနေဆဲပါ။

မိုင်...မြို့ထဲ လျှောက်သွားရင်လည်း လူတွေက နာမည်ကြီး မင်းသား လာနေ သလို ၀ိုင်းကြည့်ကြတယ်။နောက်မှာ ကောင်မလေးတွေက ခူးခူးခစ်ခစ် ရယ်ကြတယ်။အင်္ဂလိပ် စကားလည်း ရေရေလည်လည် မပြော တတ်တော့...ဟိုးတစ်ခါတုန်းက ခရစ္စမတ်မှာ မျက်နှာကို အ၀တ်နဲ့ပတ်ပြီး ပစ္စည်းတစ်ခုခု ကိုလိုက်ရှာတဲ့ ကစားနည်းလိုပါပဲ။အမှောင်ထဲ စမ်းတ၀ါဝါနဲ့ နေ့စဉ် ဘ၀ကိုဖြတ်သန်းနေတယ်။ငါတို့ ခရစ္စမတ် မှာတော့ အဲလိုကစားနေတဲ့ချိန်မှာ ဘေးမှာ မိုင်နှင့်အတူ သူငယ်ချင်းတွေက ၀ိုင်းရယ် အားပေးလို့ ပျော်စရာတောင် ကောင်းသေးတယ်။

မိုင်...မှတ်မိသေးသလား မသိ။ငါတို့ ကျောင်းတက်တုန်းက အင်္ဂလိပ် ဆရာက သူ့မျက်မှန် သပ်လိုက် ဖြုတ်လိုက်နဲ့ ကောင်မလေးတွေ ရှေ့မှာ အလှပြတာနဲ့ အချိန်တွေ ကုန်ကုန်နေတယ်။ငါတို့ ရေကြည့် ဖူးသေးတယ်နော်။၄၅ မိနစ် တစ်ချိန်မှာ ဆရာက သူ့မျက်မှန် ဖြုတ်လိုက် သပ်လိုက်တာ ၇၉ကြိမ်တိတိ ရှိတယ်နော်။အဲဒါကြောင့် ငါတို့ ကျောင်းမှာလည်း သင်ခန်းစာတွေ မကြေလို့ ဒီလို သူများနိုင်ငံမှာ ဒုက္ခ ရောက်နေတာပေါ့။

မိုင်...ဟိုးတစ်လက စာရေးတာ မရောက်ဖူးနဲ့ တူတယ်။ဘယ်သူမှ မသိတဲ့ တို့နှစ်ယောက်ရဲ့ အချစ်တွေဟာ ဘယ်သူမှ မသိအောင် တို့နှစ်ယောက်ရဲ့ ရင်ထဲ အသည်းထဲမှာပဲ သိမ်းဆည်းရအောင်နော်။ပြန်ဆုံဖို့ ကြိုးစားလိုက်တိုင်း ဝေးတထက်ဝေးနေတဲ့ တို့နှစ်ယောက်ရဲ့ အချစ်တွေဟာ မေ့ပစ်ဖို့ ကြိုးစားလိုက်တိုင်းလည်း ရင်မှာ နာကျည်းလွန်းတယ်။

နက်ဖြန်နေ့မှာ အသက်ရှင်သေးရင် ချစ်ခွင့်တော့ရှိသေးတယ်...မျှော်လင့်ခွင့်ရှိသေးတယ်....မိုင်။နောင်ဘ၀မှာ ပြန်ဆုံဖို့ ဆုတောင်းဖို့လည်း နောင်ဘ၀ ဟာသိပ်မသေချာဘူး မိုင်ရယ်။ကံကြမ္မာ ဟာ တို့နှစ်ယောက်အတွက် ရက်စက်လွန်းတယ်။ကံမကုန်ရင် ပြန်ဆုံမယ်...ဆိုတဲ့စကား လိုပဲ ပြန်ဆုံနိုင်မယ့် အဖြူရောင်နေ့ လေးကိုပဲ မျှော်လင့်ရင်းနဲ့ လုပ်စရာတွေ ဆက်လုပ်ရဦးမယ်။ဒီလိုပဲ တို့နှစ်ယောက် လူချင်း ဝေးပေမယ့် သွယ်တန်းနေတဲ့ သံယောဇဉ် ကြိုးလေးက တို့နှစ်ယောက်ရဲ့ အချစ်တွေကို ပိုပြီး ခိုင်မာအောင် ရစ်နှောင် ဆက်သွယ်ပေး မှာပါ။

မိုင်လေးအတွက်

မိုင်....မင်းကိုငါယုံကြည်တယ်။

မိုင်...ထာဝရ ချစ်နေမယ်....ဆက်ချစ်နေဦးမယ်။

မိုင်...ဒီစာ ကို ဒီမှာပဲ ရပ်နားလိုက်တော့မယ်နော်။

မိုင်...ဒီစာကိုဖတ်ပြီး ဒီည အိပ်လာသော အခါ အိပ်မက် လှလှလေးမက်နိုင်ပါစေလို့။

မိုင်...ဒီည မင်းနဲ့ငါ မိုးပေါ်မှာ ငြိမ်းချမ်းစွာ သာနေတဲ့ လမင်းကြီးရဲ့ မျက်နှာပေါ်မှာ ဆုံရအောင်နော်။

သိပ်ချစ်တဲ့...မိုင်

0 comments:

Post a Comment

Thang you!